Tuesday, April 11, 2017

အချစ်ရင်ဖွင့်သံလေးများ

အချစ် ရင်ဖွင့်သံလေးများ


 
"တစ်စုံတစ်ယောက်ကို အချစ်မရှိဘဲ ခွင့်မလွှတ်နိုင်သလို ခွင့်လွှတ်ခြင်း မရှိဘဲလည်း မချစ်နိုင်ဘူး"

"မင်း တစ်ယောက်ယောက်ကို ချစ်တော့မလို့လား ? မင်းရဲ့ အထီးကျန်မှုကို အဖော်ပြုဖို့အတွက်နဲ့တော့ သူ့အချစ်ကို အသုံးမချလိုက်ပါနဲ့။ တစ်ချိန်ချိန်မှာ မင်း ပိုပြီး အထီးကျန်ဆန်ရလိမ့်မယ်"

"တကယ့် အချစ်စစ်ဆိုတာ မျက်ကန်းမျိုး မဟုတ်ဘူး။ သူ့ရဲ့  ကောင်းကွက်တွေကို မြင်နိုင်သလို ဆိုးကွက်တွေကိုလည်း မြင်နိုင်တယ်။ ဒါတောင်မှ ဆက်ချစ်နေနိုင်တဲ့ အချစ်မျိုးပါ။"

"Hi ! ဆိုတဲ့ နှုတ်ဆက်စကားလေးက တိုတယ်။ ရိုးရှင်းတယ်။ ဒါပေမယ့် လူနှစ်ယောက်ကို ချစ်မိသွားစေဖို့ လမ်းစလည်း ဖြစ်နိုင်တယ်"

"စကားတစ်ခွန်း ကြားဖူးတယ်။ အချစ်က ဘဝတဲ့။  မင်း အချစ်ကို မေ့နေတာလား။ ဒါဆိုရင်တော့ မင်းဘဝ ကိုလည်း မေ့နေသလို ဖြစ်နေလိမ့်မယ်"

"ငါနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာကို ပြသဖို့ မင်း ပေါက်ကွဲတယ်၊ မင်း အယူအဆကို လက်မခံနိုင်ကြောင်း မင်းသိစေဖို့ ငါ ငိုကြွေးတယ်။  နောက်ဆုံးရလဒ်က ငါတို့ရဲ့ နှလုံးသားတွေ နာကျင်ခဲ့ရတယ်"

"အချစ်က ပြီးပြည့်စုံနေဖို့ မလိုဘူး။ စစ်မှန်ဖို့ပဲ လိုတယ်"

"ငါ့ရှေ့က ကီးဘုတ်လေးကို ကြည့်လိုက်တိုင်း U နဲ့ I က ကပ်လျက်ရှိနေပေမယ့် မင်းနဲ့ငါကတော့ ဘာလို့ ဒီလောက်ဝေးနေရတာလဲ……

မင်းသိရင်

*** မင်းသိရင်... ***

ချစ်သူ...
မင်းကိုချစ်တဲ့
ကိုယ့်ရဲ့ချစ်ခြင်းတွေထဲမှာ
မင်းပိုင်ဆိုင်တဲ့
ငွေကြေးဥစ္စာတွေအပေါ်
မက်မောလိုခြင်း
အလျဉ်းမရှိခဲ့တာ
သတိထားမိရင်
မင်းသိမှာပါ...။

ချစ်သူ...
မင်းကိုချစ်တဲ့
ကိုယ့်ရဲ့ချစ်ခြင်းတွေထဲမှာ
မင်းရဲ့ လွတ်လပ်ပိုင်ခွင့်တွေကို
လွှမ်းမိုး ချုပ်ချယ်လိုခြင်း
အလျဉ်းမရှိခဲ့တာ
ပြန်စဉ်းစားမိရင်
မင်းသိမှာပါ...။

ချစ်သူ...
မင်းကိုချစ်တဲ့
ကိုယ့်ရဲ့ချစ်ခြင်းတွေထဲမှာ
မင်းရဲ့လိုအင်တွေနဲ့ သွေဖည်တဲ့
ကိုယ့်ရဲ့ဆန္ဒတွေ
မပါဝင်ခဲ့ဘူးဆိုတာ
ပြန်တွေးမိခဲ့ရင်
မင်းသိမှာပါ...။

ခုတော့လည်းလေ...
မင်းကိုချစ်ခဲ့မိတဲ့
ကိုယ့်ရဲ့လွမ်းရတဲ့ဝေဒနာကို
ခံစားဖူးမှ
မင်းသိမှာပါ...

ရင်ဖွင့်လို့ ကြိုနေမယ်

"ရင်ဖွင့်လို့ ... ကြိုနေပါ့မယ်"

တချို့တွေအတွက်
တစ်ရက်ပြီး တစ်ရက်
ဘယ်လို ကျော်ဖြတ်သွားကြသလဲ မပြောတတ်ပေမယ့်
ကိုယ့်အတွက်တော့ ...
တစ်ရက်နဲ့ တစ်ရက်
အလွမ်းနဲ့ အသက်ဆက်နေခဲ့ရတယ် ... ။

မကြာခဏ
ခွဲခွာနေခဲ့ရတာ မှန်ပေမယ့်
(အခုအချိန်ထိ)
ခွဲခွာခြင်းက
ကိုယ်နဲ့ အသားမကျသေးတာတော့
ဝန်ခံပါရစေ ... ။

လွမ်းမိတိုင်းသာ
မျက်ရည်ကျရမယ်ဆို

ကိုယ် မငိုရတဲ့နေ့ ရှိမှာ မဟုတ်တော့ဘူး ... ။

သတိရခြင်းတွေ သိုဝှက်လို့
လောကဓံကို အပြုံးမပျက် ရင်ဆိုင်ရင်း
တင်းကျပ်နေတဲ့ ခံစားချက်တွေနဲ့
အိပ်ပျက်ခဲ့ရပေါင်းလည်း များနေပါပြီလေ ... ။

ကိုယ့်စိတ်ရဲ့ စေညွှန်ရာ
လိုက်ပါနိုင်ခွင့် မရှိတဲ့ဘ၀မို့
ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါဘူး .... ။

ဒါပေမယ့်လည်း ...
ဘ၀ပေးအသိနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်း
ခံစားချက်တွေ ခဏလေး ထုပ်သိမ်းလို့
အဝေးတစ်နေရာက မင်း
ဘေးအန္တရာယ်အပေါင်းမှ
ကင်းရှင်းပါစေလို့
ဘုရားမှာ နေ့တိုင်း ဆုတောင်းနေမယ် ... ။

ဘာပဲဖြစ်ဖြစ်
(ချစ်သူရေ ... အားတင်းထား)
အချိန်တန်လို့
မင်း အိမ်ပြန်လာတဲ့အခါ
ပင်ပန်းခဲ့သမျှ ဘ၀အမောတွေ
ပြေပျောက်စေဖို့
တို့နှစ်ယောက်ရဲ့
သံယောဇဉ်ကြိုးလေးကို
ခပ်တင်းတင်း ပွေ့ဖက်ရင်း
(မင်းကို)
ရင်ဖွင့်လို့ ကြိုနေပါ့မယ်ကွယ် ... ။

ဖြေသိမ့်ရာ

"ဖြေသိမ့်ရာ ... "

အခုအချိန်မှာ
တစ်စုံတစ်ယောက်ကို လွမ်းနေရတယ်ဆိုတာ
ကံကောင်းခြင်းတစ်မျိုးလို့ တင်စားချင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ...
လွမ်းတယ်ဆိုတာ
ကိုယ့်ဘ၀မှာ အရေးပါတဲ့သူတစ်ယောက်ကို
ပိုင်ဆိုင်ထားခွင့် ရနေလို့သာ
လွမ်းဆွတ်ခြင်းကို ခံစားရတာပါ။

ဒါကြောင့် ...
တစ်စုံတစ်ယောက်ကို
အတိုင်းအဆမဲ့
လွမ်းဆွတ်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ဒီလို ပြန်အားပေးလိုက်ပါ။

ကိုယ်တိုင်ကသာ
ကိုယ့်ချစ်သူကို
နှလုံးသားထဲမှာ
နေရာအပြည့်အ၀ ပေးမထားနိုင်ခဲ့ဘူးဆိုရင်
လွမ်းဆွတ်ခြင်းကို
ဒီလောက် ခံစားနေရမှာ မဟုတ်ဘူးလေ။

ချစ်သူကို လွမ်းဆွတ်နေရတယ်ဆိုတာ
တကယ်တော့ ...
ကိုယ့်နှလုံးသားထဲမှာ
သူ့ကို နေရာအပြည့်အ၀ ပေးထားခဲ့လို့ပါပဲ ... ။
...................
......................
..........................
ဒီလို တွေးမိရုံလေးနဲ့တင်
သူ့ကို လွမ်းနေရတာ ထိုက်တန်ပါတယ်လေ...
ကိုယ်က ပိုချစ်ခဲ့ရတာကို ...

လူတချို့အကြောင်း

လူတချို့အကြောင်း

လူတချို့ ရှိတယ် ...
ကိုယ်တိုင်က မပြည့်စုံပေမယ့်
သူတစ်ပါးရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို
စောင့်ကြည့် ဝေဖန်ဖို့ အသင့်ရှိကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ်နဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင်
သူတစ်ပါးရဲ့ အရေးအရာ ကိစ္စတွေမှာ
တတ်ယောင်ကားလုပ်ပြီး
အပြစ်ဆိုတတ်ကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ့်ရဲ့ လိုအင်တွေအတွက်
သူတစ်ပါးရဲ့ ဘ၀တွေကို
ခပ်လွယ်လွယ် နင်းချေပစ်တတ်ကြတယ်။

အဲဒီလိုပဲ ...

လူတချို့ ရှိတယ် ...
ကိုယ့်လောက် မပြည့်စုံသူနဲ့ ကြုံတွေ့ရပေမယ့်
ကိုယ်နဲ့ တန်းတူထားပြီး
အခင်မပျက် ဆက်ဆံတတ်တယ်။

လူတချို့ ရှိတယ် ...
ကိုယ်နဲ့ မဆိုင်တဲ့
သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ
ဝေဖန်ပြောဆိုဖို့
ရှောင်ရှားတတ်ကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ့်ရဲ့ လိုအင်အတွက်နဲ့
သူတစ်ပါးကို မကောင်းဆိုဖို့
နှုတ်က မထွက်ရဲတဲ့သူတွေ ရှိတယ်။

တကယ်တော့ လူတချို့က သင်ထင်သလောက် မတုံးအကြပါဘူး။ သူတို့ သင့်ကို မတုံ့ပြန်တာက သင့်ကို ကြောက်လို့၊ သတ္တိမရှိလို့ မဟုတ်ပါဘူး။ တစ်နေ့ သင့်ကို သင်ပြုတဲ့ မကောင်းမှုတွေက ဒဏ်ပြန်ခတ်မှာကို သိနေလို့ပါ……

ပေးဆပ်ချစ်

ပေးဆပ်ချစ်

တစ်ခါတလေတော့လည်း
ကြိုးစားတိုင်း မဖြစ်တဲ့ ကံတရားကို
ဟားတိုက် ရယ်ပစ်လိုက်ချင်တယ် ...။

တစ်ခါတလေတော့လည်း
နေရာတကာ အားနာတတ်တဲ့အကျင့်ကို
ကိုယ့်အားနည်းချက်လို့
သတ်မှတ်ပစ်လိုက်ချင်တယ် ...။

တစ်ခါတလေတော့လည်း
ကိုယ့်ရင်ထဲက အပူကို သိုဝှက်
ငိုချင်လျက်နဲ့ ပြုံးနေရတဲ့ဘ၀ကို
မုန်းတီးပစ်လိုက်ချင်တယ်...။

..................................
..................................
..................................

ရင်ထဲက နာကျင်နေတဲ့ ဒဏ်ရာ
ဖန်တစ်ရာတေအောင်
ခံစားရပေမယ့်လည်း
အမှတ်မရှိတဲ့ နှလုံးသားက
(မင်းအတွက်ဆို)
အရှုံးပေးချင်တုန်းပဲ ....

အမှတ်တမဲ့

အမှတ်တမဲ့တိုင်းဟာ
     "အမှတ်တရ" မဟုတ်သလို ...
"အမှတ်တရ" ဆိုတာလည်း
     အမှတ်တမဲ့နေရင်
 အမှတ်တမဲ့ပါပဲ ...

မျက်ဖြေ

မျက်ဖြေ

မမျှော်လင့်ချင်တော့ပါဘူး
အိပ်မက်တွေရဲ့နောက်
တကောက်ကောက်လိုက်ရင်း
လမ်းပျောက်နေခဲ့သူမို့။

အသက်ရှင်နေရတဲ့ နေ့ရက်တိုင်းကို
ကံကောင်းခြင်းတွေနဲ့ ရှေ့ဆက်နိုင်ဖို့
ရင်ထဲက အတ္တတွေလည်း
နည်းနိုင်သမျှ နည်းအောင်
ကြိုးစားနေမိတယ်။

ရောင့်ရဲခြင်းဆိုတာ
အတိုင်းအတာထက် မကျော်ရင်တော့
ဘ၀အတွက် ဆေးတစ်ခွက်ပေါ့။

နောင်တစ်ချိန် ...
ကိုယ့်ရင်ထဲကိုယ် ပြန်ကြည့်မိတိုင်း
နောင်တမဲ့တဲ့ ပျော်ရွှင်ခြင်းတွေ
ပြည့်နှက်နေဖို့
ဒီတစ်ခါပဲ ...
ခံစားချက်တွေ စတေးလိုက်မယ်……

ရင်ဖွင့်မိသည်မှအပ

ရင်ဖွင့်မိသည်မှ အပ ...

အစကတည်းက သံသယတွေ ရှိနေရင်
ဘာလို့ ဒီအထိရောက်အောင်
အချိန်ကုန်ခံပြီး လျှောက်ခဲ့မလဲ ...။

တစ်ယောက်နဲ့တစ်ယောက်
ယုံကြည်မှုတွေ ခိုင်မာခဲ့လို့သာ
ဒီနေ့အထိ လက်တွဲလာခဲ့တာ မဟုတ်လား ...။

သံသယဆိုတဲ့စိတ်က
ကိုယ့်ကိုယ်ကိုယ်လည်း ပူလောင်တယ်
တစ်ဖက်သားကိုလည်း အပူကူးစက်ပြီး
ညှိုးနွမ်းစေတယ်။

ကိုယ်ထင်ရာ မှန်တယ်ဆိုတဲ့စိတ်က
ရာခိုင်နှုန်းများလာရင်
ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာတတ်တယ် ... ။

ရေခံမြေခံကောင်းမှာ မရှင်သန်ရတဲ့အပင်
ရာသီဥတုဒဏ်ကို သူ့ဇွဲနဲ့သူ ကြံ့ကြံ့ခံ ရှင်သန်နေရတဲ့အချိန်မှာ
ဘေးက မဖေးမပေးနိုင်ရင် နေပါစေ
နင်းချေပစ်ဖို့ မကြိုးစားပါနဲ့လား ... ။

လိုအပ်ချက်တွေ ကိုယ်စီ ရှိကြတာချင်းအတူတူ
ဖြည့်ဆည်းဖို့ မတတ်နိုင်လည်း
အနည်းဆုံးတော့
အပြစ်မဖို့ပါနဲ့လား ... ။

ကိုယ့်ရဲ့အတ္တတစ်ခုအတွက်
ဓားနဲ့တူနဲ့ စကားလုံးတွေနဲ့
ကိုယ့်ဘေးကလူရဲ့ရင်ထဲ
ဒဏ်ရာတွေနက်နဲအောင် ပေးပြီး
အဝေးထွက်သွားအောင်
မတွန်းပို့ပါနဲ့လားလေ ...

တောင်းပန်တယ်ဆိုတာ

တောင်းပန်တယ်ဆိုတာ

တောင်းပန်စကားဆိုတဲ့ အခြေအနေ (၃) မျိုးရှိတယ်။

(၁) ကိုယ်က မှားလို့

 (၂) ကိုယ်မမှားသော်လည်း တစ်ဖက်လူအမှားကို လျော့ပါးစေဖို့

(၃) ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိလို့

ဘဝနိယာမ

ဘဝ နိယာမ

ဘဝက အရွဲ့တိုက်တတ်တယ်

► လူတွေရဲ့ တစ်သက်တာမှာ...
    ပျော်ရွှင်မှုဆိုတာကို သိဖို့
    အရင်ဆုံး ဝမ်းနည်းမှုကို ခံစားစေတယ်...။

► တိတ်ဆိတ်အေးချမ်းခြင်းရဲ့ တန်ဖိုးကို သိဖို့
     ဆူညံပေါက်ကွဲခြင်းကို ကြုံစေတယ် ... ။

► အဲဒီလိုပဲ ...
    တည်ရှိခြင်းရဲ့ တန်ဖိုးကို နားလည်ဖို့
    မရှိခြင်း (မမြဲခြင်း)ကို ဖန်တီးတယ်လေ.... ။

တန်ဖိုး

တန်ဖိုး

မင်းဘဝထဲက တစ်စုံတစ်ယောက်အတွက်
မင်းရဲ့ တန်ဖိုးထားမှုတွေ
အများကြီး ပေးမိခဲ့ရင် ...
သူ့ဘဝထဲက
မင်းအတွက် တန်ဖိုးထားမှုတွေ
ဆုံးရှုံးရလိမ့်မယ်...

ရုန်းမထွက်နိုင်သူ

ရုန်းမထွက်နိုင်သူ

► ဂရုမစိုက်ခဲ့တာ မဟုတ်ပါဘူး
    ဂရုစိုက်မှုတွေကို လျစ်လျူရှု ခံခဲ့ရတာပါ။

► မာန်တက်နေတာ မဟုတ်ပါဘူး
    မာန်မာနတွေကို မင်းအတွက် ရိုက်ချိုးထားခဲ့တာပါ။

► အငြှိုးအတေးတွေ ကြီးနေတာ မဟုတ်ပါဘူး
    မထွေးနိုင်၊ မအန်နိုင်တဲ့ ခံစားချက်တွေနဲ့
    အသက်ဆက်နေရတာပါ။

► ခံစားချက်တွေ အေးစက်သွားတာ မဟုတ်ပါဘူး
    ခံစားရတာတွေ ရင်နဲ့မဆံ့လွန်းလို့
    နှုတ်ဆိတ်နေတတ်ခဲ့တာပါ။

► အပေးအယူဆန်တာ မဟုတ်ပါဘူး
    တစ်ဖက်သတ် ပေးဆပ်ရတာ များလာတဲ့အခါ
    အတုံ့အပြန်လေးတချို့ကို မျှော်လင့်မိရုံပါ။

► (ဒီလိုနဲ့ ....)
    .................
    .....................
    ................................
    ဘယ်အချိန် ကိုယ့်အပေါ် နားလည်လာနိုင်မလဲဆိုတဲ့
    မရေရာတဲ့ မျှော်လင့်ချက်လေးကို ကိုင်ဆုပ်လို့
    (ခုချိန်ထိ)
    မင်းရဲ့ဘေးက ခေါင်းငုံ့လျှောက်နေဆဲပါ....

ပျက်ကြွေစိတ်

ပျက်ကြွေစိတ်...

►   စိတ်ရှိတိုင်း ရင်ဖွင့်ရရင်လည်း
      ငါ့ရင်တွေ ကွဲရုံပဲ ရှိမယ်။

►   စိတ်ခံစားချက်အတိုင်း ခွန်းတုံ့ပြန်ရရင်လည်း
      အမုန်းတရားတွေ တိုးလာတာပဲ အဖတ်တင်မယ်။
 
►   အမှန်တရားအတိုင်း ဆိုပေမယ့်
      အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက
      အစွန်းရောက်လွန်းတဲ့အခါ
      အသိုက်အမြုံတွေ ပြို ကွဲရတတ်တယ်။
 
►   ဘယ်လောက်သေးငယ်တဲ့ အက်ကြောင်းဖြစ်ဖြစ်
      ထိလွယ် ရှလွယ်တဲ့ ဖန်သားပြင်အတွက်တော့
      သေရာပါ အမာရွတ်ပဲ။
 
►  ဒဏ်ရာဒဏ်ချက် အထပ်ထပ်ပေးပြီးမှ
     အက်ကြောင်းရာ မထင်အောင် ပြု ပြင်ထားလည်း
     အတွင်းထဲက လှိုက်စားနေတဲ့ အနာ
     ဒီတစ်သက် မကျက်နိုင်တော့ဘူး။
 
►  တစ်ခါတလေမှာ ...
     ကိုယ့်ဘဝကို အသေသတ်နိုင်တဲ့ သူတွေက
     ကိုယ်အချစ်ရဆုံးသူတွေ ဖြစ်နေတတ်တယ်...။

နားလည်မှု

"နားလည်မှု" တဲ့
စကားလေးကတော့
သုံးလုံးတည်းပါ ... ။

ဒီနားလည်မှုကို
တည်ဆောက်နိုင်ဖို့
အရင်ဆုံး ...
ကိုယ့်"မာန"ကို
စတေးရတယ် ... ။

"ယုံကြည်မှု"တွေ
ခိုင်မြဲအောင်
ကြိုးစားရတယ် ... ။

"မျှော်လင့်ချက်"တွေ
တရားလွန် မဖြစ်အောင်
ထိန်းသိမ်းရတယ် ... ။

အဓိက,ကတော့
နှစ်ဦးနှစ်ဖက်ရဲ့
အပြန်အလှန်
"လေးစားမှု"၊ "ဦးစားပေးမှု"
"သိတတ်မှု"၊
"ကိုယ်ချင်းစာတတ်မှု"တွေ ရှိမှသာ
"နားလည်မှု"ဆိုတဲ့အရာကို
တည်ဆောက်နိုင်တာပါ ...

Monday, April 3, 2017

နူတ်ဆက်ခြင်း

အပြန်နဲ့ အသွား ...
“ပြန်တော့မယ် …”
“သွားတော့မယ် …”

တနေရာရာက ခွဲခွါခါနီးမှာ သုံးလေ့ရှိတဲ့ ဒီစကား နှစ်ခုရဲ့ ခြားနားခြင်းကို တွေးနေမိတယ်။ “ပြန်ခြင်း” နဲ့ “သွားခြင်း” … အဓိပ္ပါယ်ချင်းက တူမှ မတူတာ… ။ ပြန်တယ် … ဆိုတာက နေရာဟောင်းဆီကို ပြန်လည်ထွက်ခွါခြင်း၊ သွားတယ် … ဆိုတာက နေရာသစ်ဆီ ဦးတည်ထွက်ခွါခြင်း မဟုတ်လား။ အဓိပ္ပါယ်ချင်း မတူတဲ့ ဒီစကားနှစ်ခုကို အရင်ကတော့ အဆင်ပြေသလိုပဲ သုံးခဲ့မိတာ အခုချိန်မှာ သေချာစဉ်းစားနေမိပြီ။

ပြန်မှာလား …
သွားမှာလား

ဦးခေါင်းကို ကြမ်းပြင်နဲ့ထိလို့ ရှိခိုးဦးချအပြီး ခေါင်းပြန်အမော့မှာ မျက်လုံးတွေေ၀၀ါးနေခဲ့တယ်။ ရှေ့တူရူက မြတ်စွာဘုရား ရုပ်ပွါးဆင်းတုတော်က မြင်ကွင်းထဲမှာ နှစ်ထပ်သုံးထပ် လှိုင်းတွေလို တရိပ်ရိပ်နဲ့၊ မျက်စိကိုေ၀၀ါးစေတဲ့ အရာတွေကို ပွတ်သုတ် ဖယ်ရှားလိုက်ပြီး ထိုင်ရာက ထလိုက်တယ်။ နွမ်းနယ်ကြေကွဲခြင်းက ရင်ထဲမှာ ဖိစီးလေးလံလို့ … လှုပ်ရှားမှုတွေက နှေးတိနှေးကွေး … လေးတိလေးကန်။

ပြန်ရတော့မယ် … ။
ဟင့်အင်း … မဟုတ်ဘူး …
သွားရတော့မှာပါ …

လေယာဉ်ပေါ်တက်ဖို့ ထိုင်စောင့်ရင်း အိတ်ထဲမှာပါလာတဲ့ စာအုပ်တအုပ် ထုတ်ဖတ်တယ်။ ဦးသော်ဇင်ရဲ့ “မြတ်စွာဘုရား၏ ဥဒါန်းစကားများ” …

ဤလောကသည် ပူလောင်မှု ဖြစ်ခဲ့၏၊
တွေ့ထိမှုဖြင့် နှိပ်စက်၏။
… … … … … …
ဘ၀၌ ကပ်ငြိသော လောကသည် တပါးသော အခြင်းအရာအားဖြင့် ဖြစ်လေ့ရှိကာ ဘ၀ဖြင့် နှိပ်စက်အပ်သည် ဖြစ်လျက် ဘ၀ကိုပင် နှစ်သက်၏။ အကြင်ဘ၀ကို နှစ်သက်၏။ ထိုဘ၀သည် ဘေးဖြစ်၏။
… … … … … …
… … … … … …
ခပ်သိမ်းသော အရပ်၌ ခပ်သိမ်းသော အပြားအားဖြင့် ဘ၀တို့သည် ရှိကုန်၏။
မမြဲကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏။

စာအုပ်ကို ဖျတ်ခနဲပိတ်ပြီး မတ်တပ်ထရပ် … တန်းစီနေတဲ့ လူတွေနောက်မှာ ၀င်စီရင်း တရွေ့ရွေ့… ရွေ့လျား ... ။  ကာလက ရှည်ကြာသလား … တိုတောင်းသလား … အချိန်တွေကတော့ ကုန်ဆုံးသွားခဲ့ပြီ။ မကြာခင် ပြန်လာခဲ့မယ် … လို့ အားလုံးကို နှုတ်ဆက်ခဲ့ပေမယ့် တကယ်တမ်း ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်တဲ့ ဘ၀မို့ ဘယ်နေရာ ဘယ်ဒေသမှာ ဘယ်လိုပုံစံနဲ့ ခြေချရဦးမယ် မသိ … ။ ဘ၀ဆိုတာ ဒါပဲလား … ။ ဘ၀ဆိုတာ … ဘေး … တဲ့။ ဒီဘေးတွေကိုပဲ နှစ်သက်စွာ စွဲလမ်းနေကြတာလေ …

Have a nice journey … ဆိုတဲ့စကားသံတွေ … မိတ်ကပ်ခြယ်သ နှုတ်ခမ်းနီမလေးတွေရဲ့ အပြုံးမျက်နှာ … ထိုင်ခုံနံပါတ် 21 A ပြတင်းပေါက်နံဘေး … အပြင်မှာ မိုးတွေ တသည်းသည်း… ပြတင်းပေါက်မှန်မှာ မိုးရေစက်တွေ ခိုလို့တွဲ … အလို … မျက်နှာမှာ ရေတွေစိုလို့ ... မိုးရေစက်တွေ မျက်နှာပေါ် ကျလာတာလား … မိုးရေစက်တွေ … မိုးရေစက်တွေ … ဟုတ်မှာပါ … ။ အဲဒါ …. မိုး …. ရေ …. စက် … တွေ … ။
***
၀၀း၂၅ နာရီ

ထိုင်ခုံခါးပတ် ပတ် …. လေယာဉ်ကြီး ထွက်တော့မယ်။ မှိတ်တုတ်မှိန်ပျ မြို့ပြကြီးက တဖြည်းဖြည်း ဝေးကွာ ပျောက်ကွယ်သွားပြီ။ မျက်စိကိုမှိတ်ထားရင်း ဘုရားကို အာရုံပြုနေလိုက်တယ်။ ညဥ့်နက် သန်းခေါင် ပျံသန်းတဲ့ လေယာဉ်မို့လားမသိ စီးတဲ့သူက ကျိုးတိုးကျဲတဲ။ စိတ်ထဲမှာ လေးလေးလံလံ မတင်မကျနဲ့ ရင်ဆိုင်ရမှာတွေကို တွေးရင်း … … … ။
***
ချန်ဂီလေဆိပ်၊ စင်္ကာပူ
စင်္ကာပူစံတော်ချိန် ၀၅း၀၀ နာရီ

သိပ်မကြာခင်မှာပဲ စင်္ကာပူ ချန်ဂီလေဆိပ်ကို ရောက်ခဲ့တယ်။ လေဆိပ်ထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်စရာတွေက အများသား၊ အင်တာနက်သုံးလို့ရတဲ့ နေရာ ခဏသွားပြီး အိမ်ကို မက်ဆေ့ခ်ျပို့တယ်။ နောက်ထပ်စီးရမယ့် လေယာဉ်ပေါ်မတက်ခင် မိနစ်ပိုင်းအလိုမှာ ဖတ်လိုက်မိတဲ့ မေးလ်တစောင်ကြောင့် စိတ်လက် ပေါ့ပါးလို့သွားတယ်။ ကျေးဇူးပဲ စင်္ကာပူ …

၀၉း၀၅ နာရီ

ဒီတခါစီးရမယ့် လေယာဉ်က ကြီးတယ်၊ ထိုင်ခုံနံပါတ် 43 K ထုံးစံအတိုင်း ပြတင်းပေါက်ဘေး။ စစချင်း လူမရှိဘူး ထင်ရပေမဲ့ တဖြည်းဖြည်း လူတွေပြည့်လာပြီး နံဘေးမှာ သြစတေးလျသူ ဇနီးမောင်နှံ လာထိုင်ကြတယ်။ သဘောကောင်းပြီး အစစ ကူညီတတ် ကြင်နာတတ်သူတွေ … ။ တလေယာဉ်ထဲစီး တခရီးထဲသွားကြသူချင်း ရိုင်းပင်းကြတယ်။ အသွားကတည်းက အစားအသောက် စာရင်းမှာ seafood ကို ရွေးထားမိလို့ သူများမစားခင် ဦးဦးဖျားဖျားချည်း စားရတာ ဘေးနားက ခရီးဖော်တွေကိုတောင် မျက်နှာပူ အားနာမိသလိုပဲ။
***

အိပ်ငိုက်လိုက်၊  ရုပ်ရှင်ကြည့်လိုက်၊ ဟိုဒီငေးလိုက်၊ဒီငေးလိုက်နဲ့ နာရီ၂၀ ကျော် ကြာမြင့်တဲ့ ခရီးရှည်ကြီးကို ပင်ပန်းနွမ်းလျစွာ ဖြတ်သန်းခဲ့ရတယ်။အိမ်ကကပ် ပါလာတဲ့ ချောင်းတဟွတ်ဟွတ်နဲ့ နှာတရှုံ့ရှုံ့က လူကိုပိုပြီး ပင်ပန်းစေပါတယ်။ ရုပ်ရှင်တွေထဲ မွှေနှောက်ရှာရင်း The Lady ကို သွားတွေ့တယ်။ အင်တာနက်မှာ တပိုင်းတစ ကြည့်ဖူးထားပေမဲ့ အစအဆုံး ထပ်ကြည့်လိုက်တယ်။ နောက်ဆုံးခန်းလေးကိုကြည့်ရင်း … ဘယ်တော့မှ မမေ့ဘူး April… လို့ ရေရွတ်မိတယ်။
***
လန်ဒန်၊ ဟိသရိုးလေဆိပ်
ဘိလပ်စံတော်ချိန် ၁၅း၃၀ နာရီ

လေယာဉ်ဘီးလုံး မြေပေါ်အချ သိမ့်ခနဲ … ။ သြော် ဒီမြေပေါ် ခြေချရပြန်ပြီ။ UK Border အင်မီဂရေးရှင်းမှာ လူတန်းရှည်ကြီး တရွေ့ရွေ့ … နှေးလွန်းလှတယ်။ နားချင်ပြီ၊ ပင်ပန်းလှပြီ။ ကြာလွန်းလှတယ်။ နောက်ဆုံးတော့ ကိုယ့်အလှည့် … ကောင်တာအမှတ် ၂၅ … အင်မီဂရေးရှင်း အော်ဖစ်ဆာ လူညိုထွားကြီး၊ စကားတခွန်းမှမပြောဘူး ဒုန်းဆို တံဆိပ်တုန်းထု၊ လက်ဗွေနှိပ် … ရပြီ သွားတော့ … ကျေးဇူးတင်ပါတယ်။ တကယ်လား လောက၀တ်အရလား … ။ ပြောတော့ ပြောခဲ့လိုက်တာပဲ။

ပစ္စည်းရွေး၊ ထရော်လီပေါ် မနိုင်မနင်းတင်၊ ကူမယ့်သူမရှိလို့ မောနေရင်းက ပြုံးမိရသေးတယ်။ အချိန်က စိတ်ကို နည်းနည်းတော့ ပြောင်းလဲစေတတ်သား … ။ ကူမယ့်သူကို မျှော်လင့်နေမိသေးတာ။ ကိုယ့်အရပ်နဲ့ တူတူနီးပါးလောက်ရှိတဲ့ ခရီးဆောင် အိတ်ကြီးကို အားတင်းပြီး ထရော်လီပေါ် ကျုံးရုံးတင် တွန်းလာရင်း လာကြိုသူတွေထဲကို ဝေ့၀ိုက်ရှာရသေးတယ်။
လာကြိုသူတွေ.    ခုတော့ အနောက်တိုင်းထုံးစံ ပွေ့ဖက်နှုတ်ဆက် နိုင်ပါပြီ။ ဒီလိုနဲ့ … ကားပေါ်တက် အိမ်ပြန် … ဒါ အင်္ဂလန်တဲ့ … ရောက်ခဲ့ရပြန်ပေါ့ တခါ။

ပင်ပန်းလို့လားမသိ၊ အဲဒီညက အိပ်မက် မမက်ဘူး။
ခါတိုင်း မက်နေကျ အိပ်မက်တွေတောင် ပျောက်ဆုံးလို့ … ။
တခါတလေတော့လဲ ပြန်ခြင်း သွားခြင်းဆိုတဲ့ စကားလုံးတွေ အားလုံး မေ့ထားတာ အကောင်းဆုံးပဲ မဟုတ်လား ... ။